27 November 2014

အဖြူအမည်း စိန်ခေါ်ပွဲ (၂)



B&W Photo Challenge Day-2: "Frames & Shadows"

ဒုတိယနေ့ အဖြူအမည်း ဓာတ်ပုံလေးကို (အနည်းငယ်နောက်ကျသော်လည်း ၂၄ နာရီမကုန်ခင်မှာ) တင်လိုက်ပါတယ်၊ တခါတလေမှာ အဖြစ်အပျက်တွေ၊ အကြောင်းအရာတွေက ဘောင်တွေ၊ အရိပ်တွေ ကြားမှာ ဝေဝါး၊ ရောထွေးနေတာမျိုး ကျနော်တို့ ကြုံရတတ်ပါတယ်၊ ဘယ်ဟာက အစစ်အမှန်၊ ဘယ်ဟာက အရိပ်အယောင်၊ ဘယ်ဟာက ပိုပြီး ကြည်လင်တဲ့အမြင်၊ ဘယ်ဟာ ကျဉ်းမြောင်းတဲ့ အနားသတ်ဘောင် ဆိုတာတွေက ရုတ်တရက်ကြည့်ရင် ရှုပ်ထွေး နေတာမျိုးပေါ့….၊ နားလည်သွားချိန်မှာတော့ အရာရာဟာ သူ့နေရာနဲ့သူ ရှိနေတယ်ဆိုတာ ကျနော်တို့ မြင်ရလေ့ ရှိပါတယ်…။

ကျနော် ၁၀ တန်းအောင်ပြီးတဲ့ တရက်မှာ ရွှေဘုံသာလမ်းထဲက မျက်မှန်ဆိုင်တဆိုင်ကို ညီမနဲ့အတူ လိုက်သွားဖြစ်တယ်၊ ညီမလေးက ခေါင်းမူးမူး နေတတ်တာနဲ့ မျက်စိစမ်းရအောင် သွားတာပါ၊ အဲဒီမှာ ကျနော်လည်း ခရီးသွားဟန်လွှဲ ဝင်စမ်းကြည့်တော့ ကျနော့်မျက်စိက astigmatism နည်းနည်းရှိနေတာ သွားတွေ့တယ်၊ မျက်စိသူငယ်အိမ် စောင်းတယ်လို့ ခေါ်မလားပဲ...၊ အဲဒါကို ပြန်တည့်ပေးထားတဲ့ မျက်မှန်တပ်မယ်ဆိုရင် မျက်စိက focus ဖြတ်ရတာ ပိုပြီး ကြည်လင်တိကျမယ်ပေါ့၊ ဒါနဲ့ ကျနော်လည်း မျက်မှန်တလက် လုပ်ဖြစ်လိုက်ပါတယ်၊ အဝေးမှုန်လည်း မဟုတ်၊ အနီးမှုန်လည်း မဟုတ်တဲ့ ကျနော့်မျက်လုံးတွေက မျက်မှန်မပါဘဲလည်း ကားမောင်း၊ စာဖတ်၊ ကွန်ပြူတာသုံး စတာတွေ အားလုံးကို လုပ်နိုင်ပေမယ့် မျက်မှန်လေး တဆင့်ခံထားရင် မြင်ကွင်းတွေက ပိုရှင်းပါတယ်၊ ဒီလိုနဲ့ ကျနော့်မျက်လုံးတွေကို ဘောင်ခတ်ထားမယ့် အရာတခုဟာ မျက်နှာပေါ်ကို ရောက်လာခဲ့တယ် ဆိုပါတော့...၊

ဒီနိုင်ငံကို ရောက်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် မြန်မာပြည်ကို ပြန်တော့ ရောက်တုန်းရောက်ခိုက် ဆိုပြီး မျက်စိပြန် စမ်းကြည့်မိတယ်၊ ဘာမှ အတိုးအလျော့ မရှိဘဲ အရင်အတိုင်းပဲ၊ ဒါနဲ့ မြန်မာပြည်မှာ မျက်မှန်တွေက ပိုပေါပါတယ်လေ ဆိုပြီး နောက်ထပ် ၃ လက် လုပ်လာခဲ့တယ်၊ နောက်ပိုင်းနှစ်တွေမှာတော့ ၂ နှစ်တခါ၊ ၃ နှစ်တခါ ဆိုသလို ဒီနိုင်ငံမှာပဲ မျက်စိစမ်းဖြစ်ပါတယ်၊ စမ်းတိုင်းလည်း ဟိုးအရင် ၂၂ နှစ်ကအတိုင်း မျက်စိက ဘာမှမပြောင်းလဲပါဘူး၊ ဒီ stigmatism နဲ့ ဒီ correction အတိုင်း...၊ အဲ... ပြောင်းလဲတာကတော့ မျက်မှန်ကိုင်းတွေပါ၊ ကျနော်က မျက်စိတခါစမ်းတိုင်း မျက်မှန်တလက် ဝယ်ဖြစ်သွားတာက များတာကိုး၊ ဒီလိုနဲ့ ကျနော့်မျက်လုံးတွေက astigmatism အပေါ် သစ္စာရှိပေမယ့် မျက်မှန်တွေ ထည်လဲနဲ့ ဖြစ်လာခဲ့တယ်၊ တခါမှာတော့ အိမ်ကိုလာလည်တဲ့ ညီမတယောက်နဲ့ မျက်မှန်တွေအကြောင်း စကားစပ်မိရင်း ကျနော့်မျက်မှန်တွေအကြောင်း သူသိသွားခဲ့တယ်၊ အဲဒီအခါ ကျနော့်ကို ပြုံးစိစိနဲ့ ကြည့်ရင်း အစ်ကိုက မျက်မှန်တွေ အများကြီးနဲ့ ပဲများနေတာ အခုမှပဲ သိတော့တယ်-လို့ စ,သွား ခဲ့တယ်၊ အခု ဖေ့စ်ဘွတ်ခ်က B&W Challenge အတွက် ဓာတ်ပုံရိုက်ဖို့ စဉ်းစားတဲ့အခါ လွန်ခဲ့တဲ့ ၂၂ နှစ်တာ ကာလကတည်းက ကျနော့်မျက်လုံးတွေ အရှေ့မှာ ရှိနေခဲ့တဲ့ အမျိုးမျိုးသော ဘောင်တွေကို ကင်မရာရဲ့ ချောင်းကြည့်ပေါက်လေးက တဆင့် ကြည့်ဖြစ်သွားခဲ့ ပါတယ်...။


ညီလင်းသစ်
၂၇ နိုဝင်ဘာ၊ ၂၀၁၄

4 comments:

Anonymous said...

အဝိုင်းတွေ လေးဒေါင့်တွေ မျိုးစုံအောင် ကြည့်တာပါပဲကလား သတိထားနေမှ

အသင့်အားဖြင့်
ညီ

ဇွန်မိုးစက် said...

ကိုင်း... မှန်းကြည့်စမ်းမယ်၊ ဘယ်မျက်မှန်နဲ့ အလိုက်ဆုံးလဲလို့။
...
...
တွေ့ပြီ... ထိပ်ဆုံးက လေးထောင့်မျက်မှန်လေး

ပုံ/
မျက်မှန်တပ်ပြီးမန့်သွားသူ

ညီလင်းသစ် said...

ညီ…
လောက ကိုယ်နှိုက်က အဝိုင်းတွေ၊ လေးဒေါင့်တွေနဲ့ ဖွဲ့စည်းထားတာ ဆိုတော့ တချိန်လုံး မြင်နေရတယ်ဗျ…။း)

ညီမဇွန်…
မျက်မှန်တပ်ပြီး မန့်သွားလို့လား မသိဘူး…၊ ကွက်တိကို မှန်နေပါရော့လား…။း)

Aunty Tint said...

အဖြူအမဲပုံလေးမြင်လိုက်ကထဲက မောင်ညီလင်းရဲ့ စုဆောင်းထားတဲ့ မျက်မှန်တွေဖြစ်လိမ့်မယ်ဆိုတာ ခန့်မှန်းမိခဲ့တယ်.... စည်းစနစ်နဲ့နေတတ်သူမို့ပါ။