19 November 2012

လူလေးရဲ့ ကြွက်ဧည့်သည်




ခါးသာသာမြင့်သော မူလတန်းကြို ကျောင်းကလေး၏ ဝင်းတံခါးကို တွန်းဖွင့်ဝင်လိုက်သည်နှင့် မြက်ခင်းပေါ်မှာ ဆော့ကစားနေသော သားက ပြေးလာခဲ့သည်၊ ကျနော် လာနေတာကို အဝေးကြီးမှာကတည်းက သူကလှမ်းမြင်နေခဲ့ ပုံရသည်၊ အရှေ့ကို ရောက်တော့ သူ့အရပ်နှင့် ညီသွားအောင် ကျနော်က ဒူးထောက်ထိုင်ချ လိုက်သော်လည်း ခါတိုင်းလို ဘာစကားမှ မဆိုဘဲ ပါးစပ်ကိုစေ့ပိတ်ပြီး ပြုံးစေ့စေ့ လုပ်နေသည်၊ ကျနော်က 'သားသား..နေကောင်းလား' ဟုမေးသည်ကိုပင် ပြန်မဖြေ...၊ စက္ကန့်အနည်းငယ်ကြာမှ သူ့ပါးစပ်ကို အစွမ်းကုန်ဖွင့်လျက် သွားစေ့ပြသည်၊ ထိုအခါမှ ကျနော်သဘောပေါက်သွား ရတော့သည်၊ သွားဖြူဖြူတန်းကလေး နှစ်တန်းအနက် အရှေ့ဖက် အောက်သွားလေး တစ်နေရာမှာ ဟောင်းလောင်းပေါက်ကလေး...၊

"ဟာ...သားရဲ့ သွားကလေး ကျိုးသွားပြီ ဟုတ်လား..."

ဝမ်းသာအားရဖြင့် မျက်လုံးပြူးပြီး မေးမိတော့ သားက အားပါးတရနှင့် ခေါင်းညိတ်ပြသည်၊ သူ့ကို ကြည့်ရတာ ဂုဏ်ယူကျေနပ် နေသည့်ပုံ...၊ ကျနော်တို့ သားအဖ နှစ်ယောက်၏ သွားကျိုးမှု အစီရင်ခံစာ စစ်တမ်းကို သူ့သူငယ်ချင်းလေး များက မျက်လုံးဝိုင်းလေးများဖြင့် ဘေးမှ ကြည့်နေကြသည်၊ ခပ်လှမ်းလှမ်း နောက်ဖက်နားမှာ မူကြိုဆရာမလေး လျှောက်လာတာ မြင်တော့ ကျနော်က မတ်တပ်ပြန်ရပ်ရင်း နှုတ်ဆက်လိုက်ချိန်မှာ သားက အဝေးကို ပြန်ထွက်ပြေး သွားပြန်သည်၊

"ဒီနေ့နေ့လယ် မြက်ခင်းပေါ်မှာ ကစားနေကြရင်းနဲ့ ကျိုးသွားတာ...၊ ကျိုးကျိုးခြင်း သွားက မြေကြီးပေါ်ကို ပြုတ်ကျသွားသေးတယ်တဲ့၊ အဲဒါကို သူကောက်ပြီး လာပြမှပဲ ကျမတို့လည်း သိကြရတာ..."

ဆရာမလေးက ဖြစ်စဉ်ကို ပြန်ရှင်းပြသည်၊

"ဟုတ်တယ်ဗျ၊ အဲဒီသွားကလေးက နဲ့နေတာ သုံးလေးရက် မကတော့ဘူး၊ ဒီရက်ပိုင်းမှာ ကျိုးမှာပဲလို့ ကျနော်တို့လည်း တွက်ထားတာ၊ ဒါနဲ့ သွေးတွေဘာတွေကော ထွက်သေးလား?"

ဒီမနက် သားကို ကျောင်းလာပို့စဉ် မှာပဲ သွားက အတော့်ကို နဲ့နေခဲ့ပြီ ဖြစ်သည်၊ လက်ဖြင့် ခပ်သာသာလေး တွန်းလိုက်လျှင်ပင် ကျိုးသွားနိုင်လောက်သည်၊

"မထွက်ပါဘူးရှင်..၊ အားလုံး အေးအေးဆေးဆေးပါပဲ၊ ကလေးတချို့က ဒါမျိုး မတွေ့ဖူးလို့ အထူးအဆန်းလို ဝိုင်းအုံပြီးတောင် ကြည့်နေကြ သေးတယ်၊ သူ ငယ်သွားလဲတာ နည်းနည်းတောင် စောတယ်နော်၊ မူကြိုမှာ ဒါပထမဦးဆုံးပဲ..."

ဝိုင်းကြည့်နေကြသည့် မျက်လုံးဝိုင်းလေးများ အလယ်မှာ စောစောက သား၏ဂုဏ်ယူ ဝင့်ကြွားဟန်ကို ပြန်မြင်လိုက်သည်၊ အားလုံးထက်စောပြီး သွားတစ်ချောင်း ကျိုးသည့်အဖြစ်က သူ့အတွက် ဂုဏ်ယူကျေနပ်စရာ တစ်ခုဆိုတာ ကျနော် နားလည်နိုင် ပါသည်၊ ကြီးရင့်ခြင်း၏ လှေကားတစ်ထစ်ကို တက်လှမ်းလိုက်နိုင်သည့် သဘော...၊ သူ့ သွားကလေး နဲ့လာသည်ကို စပြီးသတိပြု မိတော့ ငယ်သွားလဲခြင်း ဆိုင်ရာများကို လှန်လှောဖတ်ရှုမိသည်၊ ကလေးအသက် လေးနှစ်ခန့်မှ စပြီး ခြောက်နှစ်၊ ခုနစ်နှစ်၊ ရှစ်နှစ်.. ငယ်သွားလဲသည့် အသက်အပိုင်းအခြားက ကလေးတစ်ယောက်နှင့်တစ်ယောက် မတူကြ၊ သားကတော့ အခု လေးနှစ်ခွဲမှာ ပထမဦးဆုံး သွားကလေး ကျိုးသွားခဲ့တာ ဖြစ်သည်၊ ဆရာမလေး တစ်ယောက်က စက္ကူတစ်ရွက်ဖြင့် ထုပ်ပေးလိုက်သည့် သူ့သွားကလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း အိမ်အပြန်လမ်းမှာ သားက ပျော်ရွှင်နေခဲ့သည်၊ ထိုပျော်ရွှင်မှုက သူ စာတွေ့သိခဲ့ရသော အကြောင်းအရာ တစ်ခုကို လက်တွေ့သိခွင့် ကြုံရတော့မည့် အတွက်ကြောင့်လည်း ဖြစ်သည်၊

"ပါပါး..ညကျရင် ကြွက်ကလေး တကယ်လာမှာလားဟင်..."

နှစ်ရက်တစ်ခါလောက် ကျနော်တို့ ဖတ်ပြနေရသည့် ပုံပြင်ထဲမှ ကြွက်ကလေးကို သားက သတိရနေခဲ့သည်၊ ပုံပြင်ထဲမှာ ဇာဇာ ဆိုသည့် ကောင်မလေးက ရှေ့သွားလေးတစ်ချောင်း ကျိုးသွားသည်၊ ထိုနေ့ည အိပ်သောအခါ ဇာဇာက သူ့သွားကလေးကို ခေါင်းအုံးအောက်ထဲမှာ ထားပြီး အိပ်သည်၊ ညလယ်မှာတော့ ကြွက်ကလေး ရောက်လာပြီး ဇာဇာရဲ့ သွားကလေးကိုယူကာ ပိုက်ဆံ အကြွေတစ်စေ့ကို သွားအစား ပြန်ထားခဲ့သည့် အကြောင်းဖြစ်သည်၊

အမှန်တော့ ထိုပုံပြင်သည် ဥရောပရှိ မိသားစုများအကြားမှာ ကျင့်သုံးလေ့ရှိသည့် ဓလေ့ထုံးတမ်းတစ်ခုကို အခြေခံလျက် ပြန်ရေးထားခြင်း ဖြစ်သည်၊ မိသားစုထဲမှ ကလေးတစ်ယောက် ပထမဦးဆုံး သွားကျိုးသည့်အခါ ၎င်းသွားကို ခေါင်းအုံးအောက်မှာ ထားအိပ်ရန်၊ ထိုအခါ ညဥ့်လယ်မှာ ကြွက်ကလေးတစ်ကောင် ရောက်လာပြီး အကြွေတစ်စေ့နှင့် သွားကို လဲလှယ်ယူသွားလိမ့်မည် ဆိုသည့်အကြောင်း မိဘများက ကလေးကို ပြောကြလေ့ ရှိသည်၊ တကယ်တမ်း ကလေးအိပ်ပျော်သွားသည့်အခါ အဖေ သို့မဟုတ် အမေ တစ်ယောက်ယောက်က ခေါင်းအုံးအောက်မှ သွားကလေးကိုယူပြီး သူ့နေရာမှာ အကြွေစေ့လေး ထားပေးကြသည်၊ ထိုသို့သောအားဖြင့် မိုးလင်းတော့ ကလေးတိုင်းက သူ့တို့ သွားကလေး အတွက် ရလိုက်သည့် ပိုက်ဆံအကြွေလေးကို ကြည့်ပြီး ဝမ်းသာပျော်မြူး သွားတတ်ကြပါသည်၊

ဤဓလေ့ထုံးစံက ၁၇ ရာစုတုန်းက အစဉ်အဆက် ပြောခဲ့ကြသည့် ပုံပြင်တစ်ပုဒ်မှ ဆင်းသက်လာခဲ့သည်ဟု ဆိုသည်၊ Baronne d'Aulnoy ဆိုသည့် စာရေးဆရာမ တဖြစ်လဲ ပြင်သစ်မြို့စားကတော် ရေးခဲ့သည့် 'သဘောကောင်းသော ကြွက်ကလေး' ဆိုသည့် ပုံပြင်ဖြစ်သည်၊ ပုံပြင်ထဲမှာ နတ်သမီးတစ်ပါးက ကြွက်ကလေးအဖြစ် အသွင်ပြောင်းပြီး ဆိုးညစ်လှသော ဘုရင်ကြီး၏ ခေါင်းအုံးအောက်ထဲ ဝင်ပုန်းရင်း သူ့သွားတွေကို ကျိုးစေခဲ့သည်၊ ၁၇ ရာစု ပုံပြင်ထဲမှ ကြွက်ကလေးက ဒီနေ့ခေတ်မှာတော့ ကျိုးသွားသည့် ငယ်သွားများကို ပိုက်ဆံဖြင့် လဲလှယ်ဆုချသည့် အကျိုးတော်ဆောင် ဖြစ်လို့နေသည်၊ ဒါဖြင့် သည်ဓလေ့ထဲမှာ ပိုက်ဆံအကြွေစေ့က ဘယ်လိုကြောင့် ပါလာခဲ့ရသလဲ၊ ကျိုးသွားခဲ့သော ပထမဦးဆုံး သွားကလေးအတွက် ဝမ်းနည်းထိတ်လန့်စွာဖြင့် အိပ်ရာဝင်သွားရသော ကလေးငယ်များကို နှစ်သိမ့်အားပေးချင်သည့် မိဘများ၏ စိတ်ကူးဥာဏ် ကွန့်မြူးမှုတစ်ခုများ ဖြစ်လေမည်လားဟု ကျနော် တွေးတောကြည့်မိ ပါသည်၊

"အေးပေါ့သားရာ...၊ အတိအကျတော့ မပြောတတ်ဘူးကွ၊ ဒါပေမယ့် ပုံမှန်အတိုင်းဆိုရင်တော့ လာရမှာပဲ..."

ကျနော်က သားကို မတင်မကျ ပြန်ဖြေရင်း တဆက်တည်း ပိုက်ဆံအိတ်ထဲမှာ အကြွေစေ့ ဘယ်လောက်များ ရှိနေနိုင်သလဲဟု တွက်ချက်စဉ်းစား နေမိသည်၊ သားကဆက်ပြီး 'သားသား သွားကျိုးတာကို အဲဒီကြွက်က ဘယ်လိုများ သိသွားတာလဲ' ဟု ကျနော့်ကို မေးသလိုလို၊ သူ့ဟာသူ တစ်ကိုယ်တည်း ပြောသလိုလို လုပ်နေပြန်သည်၊ သည်မေးခွန်းက အင်မတန် အန္တရာယ် များလှသည့်မေးခွန်း...၊ မဖြေတတ်လျှင် အကြီးအကျယ် ဒုက္ခရောက်သွားနိုင်သည် ဆိုတော့ ကျနော်ကလည်း မကြားသလိုလို လုပ်နေလိုက်ရသည်၊ သားကို ဖတ်ပြရသော ပုံပြင်စာအုပ်မှာ ကျိုးသွားသော ငယ်သွားလေးထည့်ဖို့ စက္ကူဗူးလေး တစ်ခုလည်း ပါသည်၊ စက္ကူဗူးလေးကို စာအုပ်မျက်နှာဖုံးမှာ အပေါက်ဖောက်ပြီး ထည့်ထားခြင်း ဖြစ်သည်၊ ထိုစာအုပ်ကို သူ လေးနှစ်ပြည့်ပြီးသည့် အချိန်လောက်မှာ မအိမ်သူက ဝယ်လာခဲ့ခြင်း ဖြစ်သော်လည်း ရံဖန်ရံခါသာ ဖတ်ပြဖြစ် ခဲ့သည်၊ ယခု သူ့သွားကလေး နဲ့လာသည့် အချိန်မှစ၍ ရက်ခြားဆိုသလို ညအိပ်ရာဝင်တိုင်း ဖတ်ပြဖို့ သားက ပူဆာသည်၊ ဒါက မကြာခင်မှာ သူ မလွဲမသွေ ကြုံလာရမည့် ကြီးထွားခြင်းဖြစ်စဉ် တစ်ရပ်အတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ခြင်းဖြစ်လို့ ကျနော်တို့ကလည်း သူ တောင်းဆိုတိုင်း ဖတ်ပြခဲ့ ပါသည်၊ ယခုမူ ပထမဦးဆုံး ငယ်သွားလေးက သူ့လက်ထဲမှာ...၊

ညအိပ်ရာဝင်ချိန် မှာတော့ ပုံပြင်ထဲမှ ဇတ်လိုက်ကျော် ကြွက်ကလေးအကြောင်း တွေးပြီး သားက စိတ်လှုပ်ရှားနေပုံ ရသည်၊ သွားကလေးကို စက္ကူဗူးလေးထဲထည့်၊ စက္ကူဗူးကို ခေါင်းအုံးအောက်မှာ ထားပြီး မေးခွန်းတွေ မေးနေခဲ့သည်၊ ဘယ်အချိန်လာမှာလဲ၊ သူ့သွားလေးကို တွေ့မှတွေ့ပါ့မလား၊ ပိုက်ဆံကော တကယ်ပေးမှာလား၊ တပြိုင်တည်းမှာပဲ အတွေ့အကြုံသစ် အတွက် သူ့မျက်နှာပေါ်မှာ ပျော်ရွှင်ခြင်းတွေကို တွေ့နေရသည်၊ မနက်မိုးလင်းတော့ သားက စက္ကူဗူးလေးကိုင်ပြီး ကျနော်တို့ဆီ ရောက်လာခဲ့သည်၊ မျက်နှာက ပြုံးစေ့စေ့နှင့်...၊

"ကြွက်ကလေး လာသွားလား သား..."

"လာသွားတယ်၊ ပိုက်ဆံတွေ အများကြီး ပေးသွားတယ်"

ပြောပြောဆိုဆိုနှင့် အကြွေစေ့တွေကို ဗူးကလေးထဲမှ ထုတ်ပြီး ရေတွက်ဖို့ ပြင်သည်၊

"Un, deux, trois, ..."

"သား မြန်မာလို ရေလေ..."

ကျနော်က သူပြင်သစ်လို ရေတွက်နေတာကို ဖြတ်ပြောလိုက်၍ တစ်နှစ်သုံးဟု ပြန်ရေသည်၊ ဗူးလေးထဲမှာက အကြွေစေ့လေး ငါးစေ့..၊

"ကြွက်ကလေးက ဘာဖြစ်လို့ ငါးခုတောင် ပေးသွားတာလဲ ပါပါး..."

ဝမ်းသာကျေနပ်ခြင်းနှင့် အတူ နားမလည်နိုင်သည့် အရိပ်အယောင်ကို သားမျက်နှာမှာ တွေ့ရသည်၊ အကြွေစေ့တွေ အများကြီး ရလိုက်တာက သူ့အတွက် ပဟေဠိ ဖြစ်စရာ...၊

"ကြွက်ကလေးက သဘောကောင်းလို့ ထင်တယ်ကွ၊ ဘာပဲဖြစ်ဖြစ် သား ပိုက်ဆံတွေ အများကြီးရတော့ ကောင်းတာပေါ့..."

မျှော်လင့်မထားသော မေးခွန်းမို့ အဆင်ပြေအောင် ကြည့်ဖြေလိုက်ရသည်၊ ညတုန်းက သားလည်းအိပ်၊ မအိမ်သူလည်း အိပ်ရာဝင် သွားချိန်မှာ ကျနော်တစ်ဦးတည်း ကြွက်ယောင်ဆောင်ခဲ့ခြင်း ဖြစ်သည်၊ သူ့ရဲ့ ဝက်ရုပ်စုဗူးလေးထဲမှာ ထည့်စရာ အကြွေတွေ များပါစေတော့ ဟူသည့်စေတနာဖြင့် တစ်ဖရန့်တန် အကြွေငါးစေ့ကို ဗူးကလေးထဲ ကျနော်ထည့်ထား ပေးခဲ့သည်၊ ယခုမူ ကျနော်၏ အကြွေစေ့တွေက ယုတ္တိဗေဒနှင့် ကင်းလွတ်သွားစေပြီလား၊ သား ဟိုဖက်လှည့်သွားချိန်မှာ မအိမ်သူက အနားကပ်ပြီး အသံတိုးတိုးဖြင့်...

"ဘာဖြစ်လို့ အများကြီး သွားထည့်ရတာလဲ၊ တစ်စေ့ဆို တော်ရောပေါ့၊ အခု သားက သူ့စာအုပ်ထဲကလို အကြွေတစ်စေ့ပဲ မဟုတ်လို့ ဇဝေဇဝါ ဖြစ်သွားတာ..."

ခဏနေတော့ သား၏ဇဝေဇဝါ ဖြစ်မှုက ပျောက်သွားပြီး အကြွေစေ့များနှင့်သာ ပျော်နေတော့သည်၊ အဲဒီနေ့ မနက်ခင်းမှာ သားက အကြွေစေ့ငါးစေ့ ရလိုက်သလို ကျနော်ကလည်း မျက်စောင်းတစ်ခု ရခဲ့သည်...၊


                +++++++++++++++++++++++++++++++++++++++++++++++++++++++++





လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ်တုန်းက သားရဲ့ ဒုတိယမြောက် ငယ်သွားလေး ကျိုးသွားခဲ့ပြန်သည်၊ ပထမတုန်းကလို အရှေ့ဖက် အောက်သွားလေးပဲ ဖြစ်သည်၊ ဒီတစ်ခေါက်မှာတော့ ညအိပ်ရာဝင်ချိန်မှာ သားက သန္နိဌာန်ချထားပုံဖြင့် ဆိုသည်၊

"ဒီည သားသား မအိပ်တော့ဘူး၊ ကြွက်ကလေး ဘယ်လိုလာသလဲဆိုတာ စောင့်ကြည့်မယ်..."

ပထမပိုင်းမှာ အတော်လေး အားတင်းထားပေမယ့် နောက်ဆုံးမှာတော့ တဖြေးဖြေးနှင့် မှေးစင်းလေးလံ လာသည့် မျက်လုံးများကို မဖွင့်နိုင်တော့ဘဲ သူ အိပ်ပျော်သွားခဲ့သည်၊ ထိုအခါကျမှ ဒုတိယမြောက် ငယ်သွားလေးကို ကြွက်ကလေးက လာယူသွားတော့သည်၊ သည်အခေါက်မှာတော့ ဗူးထဲမှာ ထားခဲ့သည့် အကြွေစေ့က တစ်စေ့တည်း...၊

သား၏ သွားကလေးများကို ကြည့်ရင်း ကျနော်ငယ်စဉ်ကကော ငယ်သွားလဲချိန်မှာ ဘာလုပ်ခဲ့သလဲဟု စဉ်းစားနေမိသည်၊ တစ်ခေါက်မှာတော့ အဖေက သွားကလေးကို အိမ်ခေါင်မိုးပေါ် ပစ်တင်ဖို့ ပြောသည်ထင်၏ ပထမဦးဆုံး ကျိုးသည့်ငယ်သွား အတွက်လား၊ ဒါမှမဟုတ် နောက်ပိုင်း သွားတွေလား၊ ကျနော်ကကော...၊ သွားကလေးကို ပစ်ခဲ့သလား၊ မသေချာပါ၊ 'ကြွက်သွားလေးတွေလို ညီညီညာညာ သွားဖြူဖြူလေးတွေ ပေါက်လာဖို့ ဆုတောင်းပြီးမှ လွှင့်ပစ်ရတယ်'ဟုလည်း အဒေါ်တစ်ယောက်ယောက်က ပြောဖူးသလိုလို...၊ ဒါလည်း မသေချာ...၊ လွန်ခဲ့သော ဆယ်စုနှစ် သုံးခုကျော်မှ သွားကလေးများအကြောင်း ပြန်တွေးရသည်မှာ မှုန်ဝါးဝေသီ လွန်းလှပါသည်၊

သား၏ ပထမဦးဆုံး သွားကလေး မကျိုးခင်က ကျနော်နှင့်မအိမ်သူတို့ တိုင်ပင်ဖြစ်ကြသည်၊ အဆိုပါ ငယ်သွားလေးနှင့် ပတ်သက်ပြီး သား၏ ဘဝထဲကို ကြွက်ကလေးတစ်ကောင် ဝင်လာစေမည်လား၊ ဒါမှမဟုတ် ဒီအတိုင်းပဲ ရိုးရိုးတန်းတန်း ဖြတ်ကျော်သွားမလား..၊ စင်စစ် ကြွက်ကလေး ဇတ်လမ်းသည် လုပ်ကြံဖန်တီးမှု သက်သက်သာ ဖြစ်သောကြောင့် သားအပေါ် လှည့်စားမိသလို ဖြစ်မည်လားဟု ကျနော် အနည်းငယ် စိုးရိမ်မိသေးသည်၊ သို့သော် သူ့ဘဝတစ်ခုလုံးနှင့် ယှဉ်လျှင် ဤအဖြစ်သည် အရေးမကြီးလှပါ၊ သား၏ ရုပ်ခန္ဓာ ပြောင်းလဲသည့် ဖြစ်စဉ်မှာ တွန်းအားပေးသည့် အနေနှင့် ကြွက်ကလေးက အသုံးဝင်နိုင်ပါသည်၊ ပြီးတော့ အခြားသော မိဘများလိုပင် ကျနော်တို့က လှည့်စားဖို့ ရည်ရွယ်သည်မဟုတ်..၊ သား၏ စိတ်ကူးဥာဏ် ကွန့်မြူးစေဖို့ ခဏတာ ဖန်တီးခြင်းသာ ဖြစ်ပါသည်၊ တစ်ချိန်မှာတော့ မလွဲမသွေကို သူသိသွားလိမ့်မည်၊ သူ့ဟာသူ မသိလျှင်လည်း ကျနော်တို့ကပဲ ပြောပြဖြစ်ပါလိမ့်မည်၊ ထိုအခါ သား၏ ခေါင်းအုံးအောက်ကို ကြွက်ကလေးတစ်ကောင် မည်သို့ရောက်လာသည် ဆိုသည့်အကြောင်း ပြန်ပြောင်းပြောရင်း ကျနော်တို့ ရယ်မော မိကြလိမ့်မည် ထင်သည်၊ လောလောဆယ်မှာတော့ သူ့သွားကလေး နှစ်ချောင်းကို သိမ်းထားသည့် ကြွက်ကလေးအကြောင်း သားကို မသိစေချင်ပါ၊ သူ့ပတ်ဝန်းကျင်မှ အခြားကလေးများနည်းတူ ဧည့်သည်ကြွက်ကလေးအကြောင်း လွတ်လပ်ဖြူစင်စွာဖြင့် စိတ်ကူးယဉ်ရင်း အံ့သြဝမ်းသာ နေစေချင်ပါသည်။ ။


ညီလင်းသစ်
၁၈ နိုဝင်ဘာ၊ ၂၀၁၂

40 comments:

Anonymous said...

ဟုတ်တယ်။ ကိုညီလင်းသစ်ရဲ.သား ငယ်သွားလဲတာ တော်တော်စောတယ်ခေါ်ရမယ်။
ကျမ သားလေးဆိုအခု ၆နှစ်ပြည်.ပြီးတာတောင် တချောင်းမှ မလဲသေးဘူး။

Anonymous said...

ကျနော်တော့ မေ့ပြီ...
ကျနော့်သမီး ဘယ်အချိန်လဲသလဲဆိုတာ..
ဒါပေမဲ့ ငသူ့သွားလေးတွေကိုတော့
အခုထိ သိမ်းထားဆဲ...


ပေါက်

ဧပရယ်လ်ပူး@ပူးတေ said...

မိဘမေတ္တာကို နက်နက်ရှိုင်းရှိုင်းတွေ့ခွင့်ရလိုက်တယ် ကိုညီလင်းသစ် ဖတ်နေရင်း ဒုတိယသွားလေးကျိုးသွားတော့ သားဒီညမအိပ်တော့ဘူးးး ကြွက်ကလေးဘယ်လိုလာလဲဆိုတာစောင့်ကြည့်မယ်ဆိုတော့ ကလေးများ သိသွားမလားလို့ စိတ်ပူမိသေးတယ်... :)
အဖေတယောက်ရဲ့ သားအပေါ်ထားတဲ့ မေတ္တာကို သားလေးကြီးလာရင် နားလည်သဘောပေါက် ကျေးဇူးတင်နေမှာပါ

ဇွန်မိုးစက် said...

ဇွန်တို့မောင်နှမနှစ်ယောက်ကတော့လေ ငယ်ငယ်တုန်းက လူကြီးတွေ သင်ပေးထားတဲ့အတိုင်း သွားလေးတစ်ခါကျိုးသွားရင် ခြံထောင့်က အုန်းပင်အောက်နားသွားရပ်၊ သွားလေးကိုကိုင်ပြီး “ကြွက်ကလေးရေ ငါ့သွားနင်ယူ၊ နင့်သွားငါ့ပေး” လို့ ဆိုပြီး မြှောက်ပစ်လိုက်တယ်။း)

ွှအနှိုင်းမဲ့မေတ္တာတွေနဲ့ ထုံမွှေးနေတဲ့ စာတစ်ပုဒ်ကို တနင်္လာမနက်ခင်းမှာ ဖတ်လိုက်ရတော့ ကြည်နူးမှုတွေ ဖြတ်စီးသွားတယ်။း)

Anonymous said...

သွားတွေကျိုးတိုင်း ငိုခဲ့တာပဲမှတ်မိတော့တယ်။ အရမ်းနာတယ်။ ပနှစ်မှာ အံဆုံးမခွဲထွက်နိုင်လို့ ခွဲရသေးတယ်။ အိမ်မှာ အဖေက သူ့သွားနှုတ်တော့ မျိုးရိုးအရ အဖေ့သွားကို လည်ပင်းမှာ ဆွဲထားရမယ်ဆိုတယ်။ မဆွဲဝံ့လို့ သိမ်းထားတာတော့ ရှိသေးတယ်..ကြွက်ကလေးလိုသွားလေးတွေ မညီပဲ အခုထိ ရှေ့တချောင်းနောက်တချောင်း စောင်းပြီးနေတုန်းပဲ :(

ညီ

Kabyar said...

ကြည်နူးဖွယ်ရာ မေတ္တာဖွဲ့ လေးမို့  ဖတ်ရတာ စိတ်ချမ်းသာဖို့ ကောင်းပါတယ်....။ ငယ်ငယ်က သွားကျိုးတိုင်း ..." ကြွက်ရေ....နင့်သွားနဲ့ ... ငါ့သွားနဲ့  လဲရအောင်" လို့ ခပ်တိုးတိုးပြောပြီး ဟိုးခပ်ဝေးဝေး အပင်တွေကြား အစ်မတွေ အိမ်နီးချင်းကလေးတွေနဲ့  တစ်စုလိုက် သွားပစ်ကြတာ မှတ်မိသေးတယ်.....။ ခပ်ဝေးဝေးပစ်နော် တော်ကြာ ကြွက်ကလေး မတွေ့ မှဖြင့်လို့  သတိပေးတဲ့ သူကလည်း ပေးတယ်.......။။ :D :D :D
ကလေးဘ၀ရဲ့ ချစ်စရာ့ စိတ်ကူးယဉ် ဇာတ်လမ်းလေးတွေပေါ့........။။
ကိုညီနဲ့ မအိမ်သူက သားလေးအတွက် ကြွက်ကလေးဇာတ်လမ်းကို ဖန်တီးပေးကြတော့ ...။။...ပုံပြင်ထဲမှာတော့ ဒီလိုပဲပေါ့ အပြင်မှာတော့ ဘယ်ဟုတ်ပါ့မလဲ လို့  အမြဲ အဆုံးသတ်ပေးခဲ့ တဲ့ ငယ်ငယ်က မေ့မေ့ပုံပြင်တွေကိုသတိရလာတယ်....။။း)
လက်တွေ့ ကလက်တွေ့  ပုံပြင်က ပုံပြင်လို့  သေချာ ခွဲခြားပေးခဲ့ ပေမယ့် ခုချိန်ထိ ပုံပြင်လေးတွေ ဖတ်ရတာကို နှစ်ခြိုက်တုန်းပါပဲ....။။
ဘာပဲဖြစ်ဖြစ် သားသားလေးကတော့ ငယ်ဘ၀ကို စိတ်ကူးယဉ်ဆန်ဆန်လေး ဖြတ်သန်းခွင့်ရတာ တချိန်ချိန်မှာ သူကျေနပ်စွာ မိဘတွေကို ကျေးဇူးတင်နေမှာပါ.......။။။

ချစ်စံအိမ် said...

ပိုစ့်လေးဖတ်ပြီငယ်ဘ၀ကိုသတိရမိသွားတယ်..

mstint said...

ဒီပို့စ်လေးကိုဖတ်ရတာ ရင်ထဲမှာ နွေးထွေးတဲ့ မောင်ညီလင်းတို့ရဲ့ မိသားစုလေးကို မြင်ယောင်တာနဲ့အတူ ကိုယ်တိုင် ကြည်နူးမှုလေးတွေ ဖြစ်ပေါ်လာတယ်။ 'သား၏ စိတ်ကူးဥာဏ် ကွန့်မြူးစေဖို့ ခဏတာ ဖန်တီးခြင်းသာ ဖြစ်ပါသည်' ဆိုတာ မှန်ပါတယ်။ လှည့်စားတာမသက်ရောက်ပါဘူးလေ။
တီတင့်ငယ်ငယ်တုန်းက အောက်သွားကျိုးတိုင်း အိမ်ရဲ့ခေါင်မိုးပေါ်ကိုပစ်တင်သလို အပေါ်သွားကျိုးတိုင်း ခြံထဲမှာ မြေကြီးတူးပြီးမြှုပ်လေ့ရှိတယ် ဖွားဖွားတို့ သင်ပေးထားသလို 'ကြွက်လေးရေ ငါ့သွားနင်ယူ နင့်သွားငါ့ပေး' လို့ရွတ်လေ့ရှိခဲ့တယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မောင်မျိုး said...

သားသား လူပျိုပေါက်အရွယ်လောက်မှာ ဖေဖေကြွက်ကလေး အကြောင်းသိလို့ကတော့ ..ဟား ပါပါး ကလည်းဗျား .. ဆိုပြီး ပြောမယ်လို့ ကြိုမြင်ထားတယ်ဗျ ။

သားအတွက် သိပ်တန်ဖိုးရှိတဲ့ ဖခင်တစ်ယောက်ပဲ ကိုယ်လည်း အဖေ ဖြစ်လာမလား မလာဘူးလားမသိပေမယ့် နည်းစနစ်လေးတွေ အတုယူမှတ်သားထားတယ် နွေးထွေးမှုဟာ နှလုံးသားတွေကို နုညံ့စေတယ်မှတ်လား သားဟာ နွေးထွေးဂရုစိုက်မှုတွေကြောင့် နှလုံးလှလူသားလေး ဖြစ်လာမှာပါ ။

ဒါနဲ့ ကျနော်က ကြွက်၇ုပ်လေးတွေဆို သိပ်ချစ်တာ မွေးရက်နဲ့တိုက်လို့ လက်မှာတောင် ဆေမင်ကြောင် ကြွက်၇ုပ်ကလေးရှိသေး ၄ တန်းကျောင်းသားတုန်းက မုန့်ဖိုးရလို့ထိုးထားတာ ခုအရွယ်ကျတော့ အဲ့တာ ဟာသ ဖြစ်နေတယ် သူများတွေက ဘာရုပ်လဲ မေးတိုင်း ကြွက်ရုပ် လို့ ဖြေလိုက်တာနဲ့ ဟင်းး...ဆိုပြီး ဖြစ်သွားကြတယ် (စကားချပ် )

မိုးငွေ့........ said...

ဒီအဖေရဲ့ သားလေးငယ်သွားလဲတဲ့အကြောင်းချစ်စရာကောင်းစွာရေးထားပုံကိုအရမ်းသဘောကျတယ် ကိုညီလင်းလိုပဲ ညီမလဲ ငယ်တုန်းကသွားကျိုးသွားတော့ အိမ်ခေါင်မိုးပေါ်ပစ်တင်ဖူးခဲ့တယ် ဆုတောင်းပြီးတော့လေ....း)

မဒမ်ကိုး said...

အိုး တကယ်ကို ကြည်နုးစရာကောင်းတဲ့ ကြွက်ကလေးပုံပြင်ပဲအကိုရေ
ဖတ်ရင်းနဲ့ မျက်လုံးထဲမှာကွက်ကွက်ကွင်းကွင်း သူကလေးရော ကြွက်ကလေးပါ မြင်ယောင်လာမိတယ်

မိသားစုတွေပျော်ရွှင်ကြပါစေ

ချစ်ခင်လျှက်
ညီမငယ် မဒိုးကန်

ညိမ်းနိုင် said...

ပို့စ်လေးဖတ်ရတာ ကြည်နူးဖို့ကောင်းလိုက်တာဗျာ....။
အင်း....တစ်နေ့နေ့မှာတော့ သူ့ဘာသာသဘောပေါက်
သွားပါလိမ့်မယ်.....၊ကြွက်ကလေး ဘယ်ကဘယ်လိုရောက်
လာသလဲဆိုတာကိုပေါ့....၊ကျွန်တော်ထင်ပါတယ်လေ...။
သူ ဒီအဖြစ်အပျက်လေးကို သတိတရရှိမိတိုင်း သူ့ကို
အကြွေစေ့လေးတွေလာပေးသွားတဲ့ ကြွက်ကလေးကို
ပိုလို့တိုးပြီး ချစ်ခင်လေးစားမိလာမယ် ဆိုတာကိုပါပဲ....။

Anonymous said...

A+ again!

မေဓာဝီ said...

ဒီပို့စ်လေးက ကလေးတို့ရဲ့ ချစ်စရာ သဘာဝရယ် ... ဖခင်ရဲ့ မေတ္တာတရားရယ် ... ရောယှက်ခြယ်မှုန်းထားတဲ့ စာတပုဒ်ပါပဲ ... ကိုညီလင်း ... ။
ငယ်ဘ၀ကိုလဲ အမှတ်ရစေတယ်။ တဆက်ထဲ အမေ့ကိုပါ သတိရသွားတယ်။ ငယ်ငယ်တုန်းက သူ့သားသမီးတွေရဲ့ သွားလေးတွေ ညီစေချင်လို့ စောစောစီးစီး ချိုးပေး နှုတ်ပေးခဲ့တာ ... ဒါပေမဲ့ သားသမီးအားလုံး သွားတွေမညီခဲ့ဘူး။ အမေ့မှာ စိတ်မကောင်းလို့ ခုထိ တဖျစ်တောက်တောက်ပဲ။ တကယ်တော့ သဘာဝအတိုင်း ကျိုးတာ အကောင်းဆုံးပါပဲ။
ဒါပေမဲ့လဲ ပိုကောင်းစေချင် လှစေချင်တဲ့ မိဘမေတ္တာအပြင် ကိုယ့်ကံလဲ ပါတာမို့ ကျမတို့တော့ မညီတဲ့သွားတွေကို ပြင်ဖို့မစဉ်းစားဘဲ သဘာဝအတိုင်းပဲ ထားဖြစ်တယ်။

စံပယ်ချို said...

ကိုညီလင်းရဲ့သား သွားအကြောင်းလေးဖတ်ပြီးငယ်ငယ်ကဂျက်လဲ အဲလိုလေးပဲ
သွားအဟောင်းကို မိုးပေါ်ပစ်တင်ပြီးတော့
ကြွက်ရေ နင့်သွားငါ့ကိုပေး ငါ့သွားနင်ယူလို့ဆုတောင်းခဲ့ဖူးတယ် သင်ပေးတဲ့ဖေဖေ့ကိုလဲသတိရတယ်

Shinlay said...

အဖေတယောက်ရဲ့ မေတ္တာကိုခံစားမိပါတယ်ကိုညီ။
သားလေးကြီးလာရင် ဒီပို့ စ်ကိုဖတ်ပြီး ၀မ်းသာနေမှာ။

Anonymous said...

ကလေးအဖေတွေကို လိုက်လေ့လာနေတာ။ ပျော်စရာကောင်းသား။ သားဖြစ်ဖြစ်၊ သမီးဖြစ်ဖြစ် မြန်မြန်ယူမှဖြစ်မယ်။

muzit

တောက်ပကြယ်စင် said...

ဘုန်းဘုန်းတို့ ငယ်ငယ်တုန်းက သွားကျိုးလို့ရှိရင် မျက်စိကို မှိတ်ထားပြီးတော့ တစ်နေရာရာကို လွငု့်ပစ်လိုက်ရတယ်။ အဲဒါလည်း အယူအဆတစ်မျိုးပေါ့။ တီတင့်ပြောသလိုပဲ စာကိုဖတ်ရင်း နွေးထွေးချမ်းမြေ့တဲ့ ဒကာတော်ညီလင်းသစ်တို့ရဲ့ မိသားစုဘ၀ကို အထင်းသား မြင်ယောင်မိတယ်။
ခင်မင်တဲ့

ညီလင်းသစ် said...

အမည်ဝှက်စာဖတ်သူ...
ဟုတ်တယ်ဗျ၊ တချို့ဆို ၈ နှစ်လောက်အထိ မလဲသေးတာလည်း ရှိတယ်လို့ ဆိုတယ်၊ သားက စောတဲ့အထဲမှာ ပါတယ်လို့ပဲ ပြောရမယ် ထင်တယ်...၊း)

ပေါက်...
မေ့တာတော့ မပြောနဲ့ဗျို့၊ ကလေးနည်းနည်း ကြီးလာတာနဲ့ လွန်ခဲ့တဲ့ တစ်နှစ်၊ နှစ်နှစ်ကဟာတွေ အကုန်မေ့တာပဲ...၊း)

မပူးတေ...
အခုထိတော့ မသိသေးဘူးဗျ၊ အဲ.. ကျနော့်ဘလော့ဂ်က ဒီပုံတွေကို သူလာမကြည့်မိဖို့ တော့လိုတယ်..၊း))

ဇွန်...
ကြွက်က အဲဒီအုန်းပင်ပေါ်မှာ နေတာလား?း) သူ့သွားတွေ ပေးရလွန်းလို့ ဇွန်တို့ကို တွေ့တာနဲ့ ကြွက်က 'ဟင်း.. ဒီမောင်နှမ နှစ်ယောက်တော့ လာပြန်ပဟ' လို့ မျက်ခုံးလှုပ်နေ ခဲ့မှာပဲ...၊း))

ညီ...
သွားတွေနဲ့ ပတ်သက်ပြီး ငိုခဲ့တာပဲ မှတ်မိတော့တယ် ဆိုလို့ ကျနော့်မှာ ပြုံးမိသေးတယ်၊ အင်း.. ပြုံးတယ် ဆိုတာကလည်း အခုမှပါဗျာ၊ အဲဒီတုန်းကတော့ ကျနော်တို့အားလုံး နာလွန်းလို့ ကြောက်လန့်၊ ငိုယိုနေခဲ့ ကြတာပါပဲ...၊း)

မ,ကဗျာ...
ညီမရဲ့ ငယ်သွားလဲခန်းက အပေါင်းအဖော်တွေ တစုတဝေးကြီးနဲ့ ခမ်းနားလှချည့်လား၊း) ညီမမေမေရဲ့ ပုံပြင်တွေ အဆုံးသတ်ပုံကလည်း တမျိုးစိတ်ဝင်စားဖို့ ကောင်းတယ်၊ ကလေးတိုင်းအတွက် ပုံပြင်တွေကတော့ လိုအပ်နေအုံး မှာပါပဲဗျာ...၊

မချစ်စံအိမ်...
လာအားပေးတာ ကျေးဇူးပါနော်...၊

တီတင့်...
ဟား.. တီတင့် ငယ်သွားကို စွန့်ပစ်တာ တယ်တိကျပါလား၊း) အပေါ်ဆိုအောက်၊ အောက်ဆို အပေါ်...၊း) ကွန်မန့်တွေ ဖတ်ရတော့မှပဲ ကျနော်တို့ ကလေးဘဝက ငယ်သွားလဲပုံတွေကို ပြန်ပြီး အမှတ်ရလာတော့တယ် တီတင့်ရ..၊း)

ညီငယ်မောင်မျိုး...
ညီက လေးတန်းကျောင်းသား အရွယ်မှာ မင်ကြောင်ထိုးတာ ခံနိုင်တယ်ဆိုတော့ တကယ့်ကို အာဂသတ္တိပါလားဗျ..၊း) နောက်တစ်ခါ ကြွက်ရုပ်အကြောင်း မေးရင် ရိုးရိုးကြွက် မဟုတ်ဘူး၊ အာဂကြွက် Mighty mouse လို့ ပြောရမယ် ထင်တယ်ဗျ..၊ ကာတွန်းဇတ်ကောင် ကြွက်ကလေးလေ...၊း)

မမိုး...
မမိုးလည်း ခေါင်မိုးဂိုဏ်းဝင် ပေပဲလား...၊း))

မဒိုးကန်...
ကျေးဇူး တင်ပါတယ် ညီမရယ်...၊

ကိုညိမ်း...
အဲဒါဆိုရင် တော်သေးတာပေါ့ဗျာ၊ တော်ကြာ.. ငယ်ငယ်တုန်းကလိုပဲ ပိုက်ဆံတွေ အများကြီးပေးပါအုံး ဆိုမှ အခက်..၊ သူ ကြီးလာရင်တော့ အကြွေစေ့လောက်နဲ့ ရတော့မှာ မဟုတ်ဘူး ထင်တယ်ဗျ....၊း))

Anonymous...
Thanks+ again...!!! :)

မမေ...
အမေ စိတ်မကောင်းဖြစ်ရတာကို နားလည်ပါတယ်ဗျာ၊ အနောက်နိုင်ငံတွေကတော့ မမေလည်း သိတဲ့အတိုင်း ကလေးတွေရဲ့ သွားတွေကို စတီးလ်ကြိုးတွေနဲ့ ပြုပြင်ကြတာ အမြဲလိုလို တွေ့ရတယ်နော်၊ တကယ်တော့ ညီတာ၊ မညီတာထက် ကိုယ့်ဘဝကို ကိုယ်ကျေနပ် နေဖို့ပဲ ပိုအရေးကြီးမှာပါလေ...နော၊း)

မစံပယ်...
ဟော... ဒီမှာလည်း တစ်ယောက်၊း) အဲဒီဓလေ့လေးက ကျနော်တို့ဆီက မိသားစု အတော်များများ လုပ်ကြပုံရတယ်နော်...၊

အစ်မရှင်လေး...
ကြီးလာရင်တော့ ကိစ္စမရှိပါဘူးဗျာ၊ လောလောဆယ်တော့ မမြင်တာပဲ ခပ်ကောင်းကောင်း...၊း)

muzit...
ဒါဆို ဆုံးဖြတ်ချက် ကျသွားပြီပေါ့...ဟုတ်လား၊း)

ဘုန်းဘုန်းတောက်...
ဓလေ့ထုံးစံတွေကို လေ့လာရတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်ဘုရား၊ ငယ်သွားလဲတာနဲ့ ပတ်သက်ပြီးတော့ ကမ္ဘာ့လူမျိုး အတော်များများမှာ ဓလေ့တစ်ခုမဟုတ် တစ်ခုရှိနေတာ တပည့်တော် သတိပြုမိတယ်၊ ကွန်မန့်လေးအတွက် ကျေးဇူးပါပဲ ဘုရား...။

Anonymous said...

ကိုညီလင်းသစ်ရေးတဲ့စာတွေ
ဘယ်စာဖြစ်ဖြစ် ဖတ်လို့ အရမ်းကောင်းတာပဲ ။
မေးကြည့်တာနော် ..
မအိမ်သူ ရော ကိုညီလင်းသစ် ရေးတဲ့စာတွေ ဖတ်လား ..း)

Anonymous said...

ကိုညီလင်းသစ်ရေးတဲ့စာတွေ
ဘယ်စာဖြစ်ဖြစ် ဖတ်လို့ အရမ်းကောင်းတာပဲ ။
မေးကြည့်တာနော် ..:-)
မအိမ်သူ ရော ကိုညီလင်းသစ် ရေးတဲ့စာတွေ ဖတ်လား .. :)

ခင်မင်လျှက်
ဆောင်းနှင်းရွက်

Anonymous said...

ကိုညီလင်းသစ်ရေ....
ရေးတက်လိုက်တာဗျာ။ ဖခင်တစ်ယောက်ရဲ့ သားအပေါ်ထားတဲ့ မေတ်တာတရားကို နွေးထွေးစွာမြင်နေရတယ်။ ၂၁ ရာစု ဖခင်တစ်ယောက်ရဲ့ ခေတ်မီတဲ့ အတွေးအမြင်တွေနဲ့ပေါ့။ ကြွက်ကလေးပုံပြင်လေးအတိုင်းပဲ လှပနေပါစေ ကိုညီရေ။ သားလေးကြီးပြင်းလာရင် သူ့ကိုလှည့်စားတယ်လို့ မတွေးမိဘဲ၊ သူ့ကို ပျော်ရွှင်အောင်လုပ်ပေးခဲ့တဲ့ ပါးပါးကို သဘောကျနေမှာသေချာပါတယ်။ သားလေးအခု သဂျိုးလေးဖြစ်နေမှာပေါ့.... :P ။ သားလေးကို အကြွေစေ့တစ်စေ့ထဲ မပေးဘဲ အကြွေစေ့အများကြီးထည့်ပေးတဲ့ ကိုညီ့အကြောင်းဖတ်ရတော့ ကျွန်တော့်အဖေကိုသတိရသွားတယ်။ အဖေက ခရီးထွက်ရာကပြန်လာပြီဆို သူ့ခရီးဆောင်အိတ်ထဲက ချောင်ကြိုချောင်ကြားနေရာတွေ၊ မုတ်ဆိတ်ဓါးထည့်တဲ့ဗူးထဲတွေ၊ လက်ကိုင်ပ၀ါကြားတွေထဲ ပိုက်ဆံတွေကို သေးသေးလေးတွေခေါက်ပြီး ကြိုဝှက်လာခဲ့တယ်။ မေမေ့ကို ပိုက်ဆံအပ်ပြီးတာနဲ့ ကျွန်တော်တို့ မောင်နှမတွေကြား ခရီးဆောင်အိတ်ကြီးကို ပစ်ပေးလိုက်တာ။ ကျွန်တော်တို့တွေက အလုအယက်ရှာကြတာပေါ့။ သားသမီးတွေပျော်အောင် လုပ်တာလေ။ ကျွန်တော်က အငယ်ဆုံးဆိုတော့ ကျွန်တော့်ကိုတော့ အမြဲတမ်း ဖွက်ထားတဲ့နေရာတွေကို Hint ပေးလေ့ရှိတယ်။ :P
(လီယို)

ချော (အစိမ်းရောင်လွင်ပြင်) said...

ကလေးတစ်ယောက်ရဲ့ ငယ်သွားလဲချိန်ကို မိဘမေတ္တာအပြည့်ထည့်ပြီး သိမ်သိမ်မွေ့မွေ့ ရေးထားတာများ ဖတ်လို့တောင် မဝအောင်ပါဘဲ။
ကိုယ့်ငယ်ဘဝတောင် တော်ရုံသတိမရခဲ့တာ ပြန်သတိရသွားတယ် ငယ်တုန်းက သွားကျိုးရင် အပေါ်သွားဆို မြေကြီးပေါ် ပစ်ချပြီး အောက်သွားဆို အိမ်ခေါင်မိုးပေါ် ပစ်တင်ခဲ့တယ်လေ.. ကြွက်ရေ မင်းသွားငါ့ပေး.. ငါ့သွားမင်းယူဆိုပြီး ပါးစပ်ကလည်း အော်ရသေးတာ။ တကယ်တော့ ကြွက်သွားကဖြင့် သေးသေးလေးတွေနော်။ အဟုတ် လာမပေးတာ တော်ပါသေးရဲ့ .း))
ခုလို ကြွက်ကလေးတော့ အကြွေစေ့ လာမပေးခဲ့ဖူးဘူး။း)

Vista said...

သားလေးအကြောင်းဖတ်ရရင် သဘောတွေကိုကျနေတာပဲ
အဖေကြီးက စာရေးကောင်းတော့ ပိုပိုဖတ်ကောင်းတာပေါ့
ကြီးလာရင်တော့ သားက သိသွားမှာပါ ..ကြွက်က အဖေဆိုတာကိုပေါ့ ဟိဟိ ..
ဒယ်ဒီ ဖားသား မစ်ကီ .. ဟီး

ညိုလေးနေ said...

ဖတ်လို့သိပ်ကောင်းတာပဲ၊
ဥရောပကရော မြန်မာပြည်ကရော သွားပုံပြင်လေးတွေထဲမှာ ကြွက်ကလေးတွေပါတယ်နော်၊
အကောင်သေးသလောက် သစ်သားပါ ပဲ့အောင်ကိုက်နိုင်တဲ့ အာဂသွားပိုင်ရှင်လေးတွေမို့ ထင်ပါရဲ့  :)

မြသွေးနီ said...

ကလေးတွေက သူတို့ဘ၀ရဲ့ အပြောင်းအလဲလေးတွေကို စိတ်ဝင်စားတတ်ကြတယ်နော်။ ဒီတစ်ခုပြီးရင် နောက်ဘာထပ်ဖြစ်ဦးမလဲဆိုတာမျိုး သိချင်ကြတယ်။ ကြွက်ဖေဖေကြီးရဲ့ သားသားအပေါ်ထားတဲ့ မေတ္တာကို တွေ့လိုက်ရတယ်။
ကြည်နူးစရာကောင်းလိုက်တာ..:)

နှင်း said...

ကိုညီလင်းသစ်တို့ မိသားစုရဲ့ နွေးထွေးမှု့ကို သိပ်သဘောကျမိတယ်။ သားကို ပြုစုပျိုးထောင်တာလဲ အဖေနဲ့ အမေ ၂ယောက် တိုင်တိုင်ပင်ပင်နဲ့ သိပ်ပြီး စည်းစနစ်ကျတာပဲလို့ အားကျမိတယ်....

ညီရဲ said...

ဒီပိုစ့်လေးကို ဖတ်ကြည့်ပြီး ငယ်ငယ်တုန်းက သွားကျိုးတဲ့အခါမှာ သွားကျိုးလေးကို ကိုင်ပြီး ကြွက်ကလေးရေ နင့်သွားငါ့ပေး ငါ့သွားနင်ယူဆိုပြီး အိမ်ခေါင်မိုးပေါ်ကို ပစ်ပစ်တင်တာကို သတိရမိလိုက်တယ်...

ညီလင်းသစ် said...

ညီမဆောင်းနှင်းရွက်...
သူ မဖတ်လို့ ဘယ်ရမလဲလေ...၊ တော်ကြာ ရွာနားမြက်ကို ရွာနွား မစားဘူး ဖြစ်ကုန်မှာပေါ့ ...း))

လီယို...
မောင်နှမတွေ ပိုက်ဆံအလုအယက် ဝိုင်းရှာကြတာ တကယ့်ကို ပျော်စရာကြီး နေမှာပဲ၊ အဖေ ခရီးက ပြန်လာလို့ ပျော်တာက တစ်ခု၊ ပိုက်ဆံတွေ ရှာရင်း ပျော်ရတာက တစ်ခု..၊ ဒီကြားထဲ hint ပေးခံရရင်တော့ ဘာပြောကောင်းမလဲဗျာ၊ အဲဒီ အတွက် ပျော်ရတာက တစ်ခု...၊း)

မချော...
ဟော.. မချောလည်း ငယ်သွား လွှင့်ပစ်တာ တီတင့် လိုပါပဲလား၊း) အင်းနော်... မချော ပြောသလိုပဲ၊ တကယ်သာ ကြွက်သွားလေးတွေ ရရင် လူက အကြီးကြီး၊ သွားက သေးသေးလေးနဲ့ ဘယ်မိုက်မလဲ၊း)

ညီမ Vista...
ဒယ်ဒီ ဖားသား မစ်ကီ... ဟားဟားဟား၊ ညီမက တော့လေ...၊ သဘောတကျနဲ့ ထိုင်ရယ်နေမိတယ်..၊း)

မညိုလေးနေ...
ကြွက်ကလေးတွေ ပါရခြင်းအကြောင်း တွေးထားတာလေး သဘောကျတယ် မညို...၊း) ဟုတ်မယ်ဗျ၊ ကြွက်သွားတွေက မာတဲ့အပြင် ညီညီညာညာ ရှိလှတာကိုး၊ သွားတက်နဲ့ကြွက် ဆိုတာ ကျနော်တော့ တစ်ခါမှ မကြားဖူးဘူးဗျ...၊း))

အစ်မမြသွေးနီ...
ကြွက်ဖေဖေကြီး.. ဆိုလို့ လန့်ပြီး ကိုယ့်ရုပ်ကိုယ် မှန်ထဲ ပြန်ကြည့်မိတယ်ဗျ..၊ စုတ်ချွန်းချွန်းနဲ့ နှုတ်ခမ်းမွှေးတွေ ဘာတွေ ပေါက်နေပြီလားလို့...၊း)

နှင်း...
ဒီလိုပါပဲ နှင်းရာ...၊ ကျနော်တို့လည်း အခြားအခြားသော မိဘတွေလိုပါပဲ..၊ ကလေးအတွက် အကောင်းဆုံး ဖြစ်အောင် ရှာကြံ၊ ပြုစု၊ ပျိုးထောင်နေတာ ပါပဲဗျာ..၊ ကွန်မန့်လေးအတွက်လည်း ကျေးဇူးပါနော်...။

Anonymous said...

Story here is that tooth fairy comes and picks up the tooth under the pillow at night to give it to an infant who is in need of new tooth, just giving a sense of sharing, and as a reward fairy leaves coin(s) or present for the kid. We had been acting tooth fairy past 3 months and collected 8 teeth from our twins as they'd collected some coins. We didn't want to throw away those loose teeth, so saved it in a chest inside the closet, somehow one day one of my girls found it and she went .."Wow..tooth fairy forgot to take our teeth!!"

ဘုန်း ၂ တောက် said...

ဒကာတော် ညီလင်းသစ်ရေ မင်္ဂလာပါ ပြင်သစ်လို နှုတ်ဆက်ချင်နေတာ။ ဟီး မနှုတ်ဆက်တာနဲ့ မြန်မာလိုပဲ နှုတ်ဆက်လိုက်တယ်။ Comment တွေ ပြန်လာဖတ်တာ။ အထူးသဖြင့်တော့ တစ်ဦးချင်းစီရဲ့ Comment လေးတွေက ဒကာတော်ကနေ ပြန်ပေးတဲ့ Comment လေးကို စိတ်ဝင်စားတယ်။ Fb လောကနဲ့ ပြောရမယ်ဆိုရင် အနောနီးမတ်စ် (လီယို) ရဲ့ Comment ကို like လုပ်သွားပါတယ်။

ချမ်းမြေ့ပါစေ
ခင်မင်တဲ့

Shwe Eain Si said...

တစ်ပုဒ်လုံးကို ဖတ်ပြီး ကြည်ကြည်နူးနူးလေးခံစားနေမိတယ် ကိုညီ
သားကလေး ငယ်သွားလဲတာ ဆန်းတဲ့အကြောင်းအရာ မဟုတ်ဘူး
ဒါပေမယ့် အဲ့ဒါလေးကိုပဲ မေတ္တာနဲ့ ရေးသွားတော့ အက်ဆေးလေးက ကြွနေတယ်
သားကလေးရဲ့ ပျော်ရွှင်မှု၊ စူးစမ်းမှု၊ တက်ကြွမှု၊ ၀ံ့ကြွားမှု၊ အားကိုးယုံကြည်ချစ်ခင်မှုတွေကို တရိပ်ရိပ် ပေါ်လွင်အောင် ရေးသွားတာ အင်မတန် ချစ်စရာကောင်းလှတယ်......
သားဖေဖေ နဲ့ မေမေ ရဲ့ သားအပေါ် ချစ်ခင်မှု မေတ္တာ၊ သားအပေါ် ပဲ့ပြင်ပေးလိုတဲ့ စိတ်၊ သား စိတ်ကလေး အတိမ်းအစောင်းဖြစ်မှာ၊ သား ပျော်၇ွှင်ဝမ်းသားချင်တဲ့ စိတ် ဒါလေးတွေကို ကြည်နူးမှုတွေနဲ့ ဖတ်ရတဲ့ အတွက် တကယ် ကျေးဇူးတင်ပါတယ်....
သိင်္ဂါရ ရသ မြောက်တဲ့ အက်ဆေးလှလှလေး တစ်ပုဒ်ပါရှင်.......အားပေးလျှက်ပါ

ချစ်ခင်လျှက်
သူသူ





HH said...

ချစ်ခြင်းမေတ္တာတွေ အပြည့်အ၀ထုံလွှမ်းနေတဲ့ ဒီပို့စ်လေးကို ဖတ်ရတာ ကြည်နူးစရာကောင်းလိုက်တာ... သားသားလေးက ကိုညီလင်းသစ် နဲ့ မအိမ်သူတို့ သားဖြစ်ရတာ အရမ်းကံကောင်းတာပဲ

HH

မိုးဇက် said...

ကိုညီလင်းသစ် အရေးအသားလေးက သွပ်သွပ်လေးနှင့်ရင့်ကျက်တဲ့ တည်ငြိမ်တဲ့ အရေးအသားလေးပဲဗျို့ .. အကို့သားလေးကအတော်ကံကောင်းတာပဲဗျ ..
စကားမစပ် ကျွန်တော့်ငယ်ဘဝမှာက အဘွားကပြောပြတဲ့ လုပ်နည်းအရ ငယ်သွားလဲတဲ့သွားအကျိုးကို “ ကြွတ်ရေ နင့်သွားနှင့်ငါ့သွားလဲရအောင်ဟေ့ ” လို့အော်ပီး အိမ်ခေါင်ပေါ်ပြစ်တင်ရတယ်ဗျ ၊ အဲ .. အဲဒီအချိန်မှာ အသက်ကလဲအောင့်ထားရသေးဗျးD
အကျိုးဆက်ကတော့ သွားတွေ ညီညာဖြူဖွေးပီး သန်မာအောင်ပေါ့ဗျာ ...
ဟုတ်သော်ရှိ မဟုတ်သော်ရှိ ငယ်ငယ်ကတော့ အပီအပြင်ကိုလုပ်ခဲ့ဘူးတယ်ဗျ .. အဟီး

blackroze said...

ပစ်ပစ်ကတော့ ငယ်ကသွားလဲရင်
အပေါ်သွားဆို အိမ်အောက်ထဲပြစ်တယ်
အောက်သွားဆို ခေါင်မိုးပေါ်ပြစ်တယ်..
ကြွက် ကြွက် နင့်သွားငါ့ပေး
ငါ့သွားနင်ယူဆိုပြီးတော့..
ဒါပေမဲ့သွားတွေက ကြွက်သွားလေးတွေလိုလည်း
မညီပါဘူး.. မညီလို အသက်ကြီးလာမှ ကွကို
သွားပြန်ညှိရတယ်..

ညီလင်းသစ် said...

Anonymous, ဘုန်းဘုန်းတောက်၊ မရွှေအိမ်စည်၊ HH, ကိုမိုးဇက်၊ ညီမblackroze ...
ကွန်မန့်လေးတွေအတွက် အယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်ဗျာ...။း)

Phyo Evergreen said...

ကြည်နူးစရာပို့စ်လေးပဲ..။ သား Rise of the Guardians ကြည့်ပြီးသွားပြီလား.... အဲဒီထဲမှာ Tooth Fairies လေးတွေလည်းပါတယ်... ကာတွန်းလေးကကောင်းတယ် သားသားကြိုက်မှာသေချာတယ်...။ ကျွန်တော်တောင်ထွက်ထွက်ချင်း ကလေးလုပ်ပြီးသွားကြည့်ဖြစ်သေးတယ်...။ :D

Angelhlaing(May everybody be happy and healthy! said...

အကိုလို အဖေမျိုး ရှိတဲ့ သားသားအတွက် ဂုဏ်ယူကျေနပ်စရာ.... ကလေးတစ်ယောက်အတွက် အစစအရာရာ ဂရုထားစရာ ရှိနေတယ်ဆိုတာကို အကို့ရဲ့ ပို့စ်တွေ..ကနေတစ်ဆင့် သိရတဲ့ အတွက် ကျေးဇူးပါလို့..

san htun said...

သွားလေးတွေ လှပစေဆိုပြီး အိမ်ခေါ်မိုးပေါ် ပစ်ဖူးသလားပဲ..သားသားရဲ့  အတွေ့ အကြုံလေးက တကယ့်ကို ချစ်စရာကောင်းတယ်.

Anonymous said...

အင်း ကျွန်တော်တို့ငယ်ငယ်တုန်းကငယ်သွားလဲတုန်းကအကြောင်းလေးပြန်တွေးမိတယ်။ပြတင်းပေါက်ကြီးနဲ့အပြောခံရရင် ငိုချင်လိုက်တာ..အကို့သားလေးနဲ့ကျွန်တော်နဲ့ဆင်တယ်..ငယ်ငယ်လေးနဲ့ငယ်သွားလဲပြီး၁၈နှစ်လောက်မှာအံဆုံးအကုန်ပေါက်ပြီးပြီ။အသက်မြန်မြန်တိုမလားတော့မသိ..
အကိုစာဖတ်ရတာ..ရင်ထဲတမျိုးလေးဖြစ်သွားတယ်။ကြည်နှုးတာလိုလို ငယ်ဘဝကိုသတိရတာလိုလိုနဲ့..
အားပေးလျက်-Areal Thu